“နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံ၏ အခွင့်အလမ်း 2.0 ကို အမိအရဆုပ်ကိုင်ကြရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား”

03 Jul

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်း က ဇူလိုင်လ ၁ ရက် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များ၏မေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် ပြင်ပသို့ တံခါးဖွင့်လှစ်မှုကို မယိမ်းမယိုင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှုရလဒ်များအား နိုင်ငံအသီးသီးနှင့်အတူ မျှဝေခံစားသွားခြင်းကို အခိုင်အမာလက်ကိုင်ထား ဆောင်ရွက် သွားမည်ဖြစ်ရာ နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ အခွင့်အလမ်း 2.0(China Opportunity 2.0) ကို အမိအရဆုပ်ကိုင်ကာ တိုးတက်အောင်မြင်မှုများ ဖော်ဆောင်ရန်နှင့် တံခါးဖွင့်ပူးပေါင်း ဆောင်ရွက်မှုများအတွင်း ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရန်ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီရက်က ဆွစ်ဇာလန်နိုင်ငံ IMD Business School က ၂၀၂၆ ခုနှစ် ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းရှိမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံသည် အဆင့် ၁၂ သို့ မြင့်တက်လာပြီး တရုတ်နိုင်ငံ ဟောင်ကောင် ဒေသမှာ အဆင့် ၂ သို့ မြင့်တက်လာခဲ့ကြောင်း၊ စီးပွားရေးလောကမှပုဂ္ဂိုလ်များက တရုတ်နိုင်ငံကို ကမ္ဘာ့ကြံ့ခိုင်မှု အရှိဆုံး အားကစားရုံဟု တင်စားကြပြီး ကျယ်ကျယ်ပြန့်ပြန့် လျင်မြန်စွာ ဆန်းသစ်တီထွင်နိုင်မှုတို့တွင် တရုတ်နိုင်ငံ၏ ထူးခြားသော အားသာချက်များက တရုတ်နိုင်ငံ၏အခွင့်အလမ်း 2.0 အတွက် အရေးပါသောအထောက်အပံ့ ဖြစ်လာ လိမ့်မည်ဟု ယူဆကြကြောင်း၊ ယင်းအပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ရှုမြင်ပါသနည်းဟု သတင်းထောက် တစ်ဦးက မေးမြန်းခဲ့သည်။ ကမ္ဘာ့စက်ရုံမှ ကမ္ဘာ့ဈေးကွက် ထိုမှတစ်ဆင့် ဆန်းသစ်တီထွင်ရာ အဆင့်မြင့်နေရာသို့ တရုတ်နိုင်ငံ၏ ယှဉ်ပြိုင် စွမ်းအားသည် စဉ်ဆက်မပြတ်အရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်း၊ ယင်းမှာ တည်ငြိမ်သော မူဝါဒပတ်ဝန်ကျင်မှ အကျိုးရရှိခြင်းဖြစ်သလို သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုမှ ဆောင်ကြဉ်းပေးသော တက်ကြွသည့်တွန်းအား အပေါ်လည်း မူတည်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းထံ ပိုမိုကြီးမားသော ဈေးကွက်အကျိုးအမြတ်ကို ပံ့ပိုးသည့် တစ်ချိန်တည်းမှာပင် တစ်နေ့တခြားတိုးပွားလာသော ဆန်းသစ်တီထွင်မှု အကျိုးအမြတ်ကိုလည်း အကျိုးသယ်ပိုးပေးခဲ့ကြောင်း ကောကျားခွန်း က ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပိုမိုများပြားတဲ့ နိုင်ငံခြားကုမ္ပဏီလုပ်ငန်းတွေ တရုတ်နိုင်ငံသို့ လာရောက်ကာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D)စင်တာတွေ၊ ဒေသဆိုင်ရာရုံးချုပ်တွေတည်ထောင်ပြီး တရုတ်နိုင်ငံရဲ့ ဆန်းသစ်တီထွင်မှု ကွင်းဆက်၊ စက်မှုလုပ်ငန်းကွင်းဆက်တွေမှာ နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းလာကြတယ်၊ တရုတ်နိုင်ငံမှာ ထုတ်လုပ်ခြင်းကနေ တရုတ်နိုင်ငံမှာ ဖန်တီးခြင်းသို့ ပြောင်းလဲလာတာ ကျွန်တော်တို့မြင်တွေ့ရပါတယ်ဟု ကောကျားခွန်း က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် သိပ္ပံနည်းကျသုတေသနနှင့် နည်းပညာဝန်ဆောင်မှုကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလုပ်ငန်းအသစ် ၁၄,၀၀၀ တည်ထောင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း၊ နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများသည် တရုတ်နိုင်ငံတွင် လုပ်ငန်းစဉ်အစမှအဆုံး ပူးပေါင်း ဆောင်ရွက်မှုမိတ်ဖက်များကို လျင်မြန်စွာရှာဖွေနိုင်သဖြင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းမှာ ပိုမိုထိရောက်မှုရှိပြီး ပိုမို လွယ်ကူစေကြောင်း၊ ယင်းမှာ တရုတ်ဈေးကွက်တွင် အောင်မြင်မှုရရှိစေရုံသာမက ကမ္ဘာ့ဈေးကွက်အား မျက်နှာ မူသော ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးကို ခြုံငုံကြည့်ရှုမည်ဆိုပါက ဆန်းသစ်တီထွင်မှုသည် စီးပွားရေးကျဆင်းမှု ဖိအားများကို တွန်းလှန်သည့်၊ တိုးတက်မှုတွန်းအားကို မြှင့်တင်ပေးသည့် အရေးပါသောလမ်းကြောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အဆင့်မြင့် ပြင်ပသို့တံခါးဖွင့်လှစ်မှုကို မယိမ်းမယိုင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှုရလဒ်များအား နိုင်ငံအသီးသီးနှင့်အတူ မျှဝေခံစားသွားခြင်းကို အခိုင်အမာ ထိန်းသိမ်းသွားမည်ဖြစ်ရာ နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏အခွင့်အလမ်း 2.0 (China Opportunity)ကို အမိအရဆုပ်ကိုင်ကာ တိုးတက်အောင်မြင်မှုများ ဖော်ဆောင်ရန်နှင့် တံခါးဖွင့်ပူးပေါင်း ဆောင်ရွက် မှုများအတွင်း ကြံ့ကြံ့ခံနိုင်စွမ်းကိုမြှင့်တင်ရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် အနာဂတ်တွင် အောင်နိုင်ရန် ကြိုဆိုကြောင်း ကောကျားခွန်း က ပြောကြားခဲ့သည်။ (Repost from Xinhua)

03 Jul

ADVERTISE HERE .