“ဖူးခက်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမည့်အန္တရာယ်ရှိနေ”

02 Jul

ထိုင်းနိုင်ငံ ဖူးခက်မြို့၌ အလွန်သည်းထန်သော မိုးရွာသွန်းမှုများကြောင့် ရုတ်တရက်ရေကြီးမည့် အန္တရာယ် နှင့်ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၁ ရက်တွင် သတိပေးထားသည်။ ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဘန်းယိုင်တူးမြောင်းအတွင်း ရေပမာဏသည် ၃ မီတာ အထက်မြင့်တက်လာသည့်အတွက် ဒေသခံများအနေဖြင့် ကုန်းမြင့်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။ ဘန်းယိုင်တူးမြောင်းမှာ ဖူးခက်မြို့တစ်မြို့လုံး၏ အဓိကရေဆိုးစွန့်ထုတ်သည့် နေရာဖြစ်နေသောကြောင့် ရေပမာဏမြင့်တက်လာသည်နှင့်အမျှ တာဝန်ရှိသူများက ရေစုပ်စက်ကြီးများအသုံးပြု၍ တူးမြောင်းအတွင်းမှ ရေများစုပ်ထုတ်မှုကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေသည်။ ဇူလိုင်လ ၁ ရက် နံနက်ပိုင်းအထိ တိုင်းတာချက်များအရ တူးမြောင်းအတွင်း မြင့်တက်လာသော ရေပမာဏသည် မြို့တွင်းရှိနေရာအများအပြားကို ရေလွှမ်းမိုးမှုဖြစ်စေနိုင်သည့် အခြေအနေတွင်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။ ထို့ပြင်မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမည်ဆိုပါက အဆိုပါတူးမြောင်း အတွင်း ရေများပိုမို ပြည့်လျှံလာနိုင်ပြီး ရေစုပ်ထုတ်မှုလုပ်ငန်းလည်း မနိုင်မနင်းဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ရုတ်တရက် ရေကြီးမှုဖြစ်လာနိုင်သည့်အခြေအနေအတွက် ဒေသခံပြည်သူများကို ကုန်းမြင့်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် တာဝန်ရှိသူများက သတိပေးတိုက်တွန်းထားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာန များက ဖော်ပြထားသည်ဟု TN သတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Jul

ADVERTISE HERE .