“ဥရောပဒေသတစ်ဝန်း၌ ပြင်းထန်သော အပူလှိုင်းကျရောက်မှု ဆက်လက်ဖြစ်ပေါ်လျက်ရှိ”

29 Jun

ဥရောပဒေသတစ်ဝန်း၌ ပြင်းထန်သောအပူလှိုင်းကျရောက်မှု ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ ဂျာမနီ၊ ပြင်သစ်နှင့်ချက်သမ္မတနိုင်ငံတို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ဂျာမနီနိုင်ငံတွင် ဇွန်လ ၂၇ ရက်က အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိခဲ့ပြီး ယခင် စံချိန်ဖြစ်သော ၄၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ကြောင်း သိရသည်။ အလားတူ ချက်သမ္မတနိုင်ငံတွင် လည်း အပူချိန် ၄၀ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး စံချိန်တင်အပူချိန်သစ် ဖြစ်လာခဲ့ကြောင်း သိရ သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် အပူလှိုင်းဒဏ်ကြောင့် လူ ၁၀၉ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်မီဒီယာများ က ဖော်ပြခဲ့သည်။ ပြင်းထန်သောအပူချိန်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေ လျက် ရှိသည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် အခမ်းအနားအချို့ကို ဖျက်သိမ်းခဲ့ရပြီး ဗြိတိန်နိုင်ငံတွင်လည်း စာသင် ကျောင်းအချို့ကို ပိတ်ထားရကြောင်း သိရသည်။ ထို့ပြင် ဂျာမနီနိုင်ငံရှိ အဝေးပြေးလမ်းမများတွင် လမ်းမျက်နှာပြင် များအပူချိန်ကြောင့် ပုံပျက်ခြင်းနှင့်ကွဲအက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ဟန်ဂေရီနိုင်ငံအနီး ဖြတ်သန်းစီးဆင်း သော ဒန်ညုမြစ်၏ ရေအပူချိန်မြင့်တက်လာမှုကြောင့် အနီးရှိ အဏုမြူဓာတ်အားပေးစက်ရုံတစ်ရုံတွင် ဓာတ်ပေါင်းဖိုအချို့၏ လည်ပတ်မှုကိုလည်း ထိခိုက်စေခဲ့ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

29 Jun

ADVERTISE HERE .