“တရုတ်နိုင်ငံတကာပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းက ရွှေ ၁ ၊ ကြေး ၁ ရရှိ”
25 Jun
တရုတ်နိုင်ငံတကာဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (China International Sepaktakraw Open 2026) ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာပိုက်ကျော်ခြင်းအဖွဲ့ဟာ ရွှေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဂွမ်ဇူးပြည်နယ်၊ Huishui County မှာ ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်ကနေ ၂၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အိမ်ရှင်တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင်တို့မှ အသင်းပေါင်း ၁၁ သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရပါတယ်။ ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ၄ ယောက်တွဲအမျိုးအစား (Women Quadrant Event) မှာ ရွှေတံဆိပ်၊ ၃ ယောက်တွဲအမျိုးအစား (Women Regu Event) မှာ ကြေးတံဆိပ်ဆုတွေ ရရှိခဲ့တာဖြစ်ပါ တယ်။ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ၄ ယောက်တွဲအမျိုးအစားမှာ တရုတ်၊ ထိုင်း၊ လာအို၊ Guishou (တရုတ်)အသင်းတွေနဲ့ ပတ်လည်ယှဥ်ပြိုင်ကစားခဲ့ရပြီး ၄ ပွဲစလုံးအနိုင်ရရှိကာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ၃ ယောက်တွဲအမျိုးအစားမှာလည်း တရုတ်၊ ထိုင်း၊ လာအို၊ Guishou(တရုတ်)အသင်းတွေနဲ့ ပတ်လည်ယှဥ်ပြိုင်ကစားခဲ့ ရပြီး တတိယကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံတကာဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (China International Sepaktakraw Open 2026) ကို ၂၀၂၀ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တာ ယခုနှစ်အပါအဝင်ဆိုရင် ၆ နှစ်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)