“မလေးရှားရှိ မြန်မာသံရုံးအနီးပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့်အပြုအမူများ မပြုလုပ်ကြရန် သံရုံးမေတ္တာရပ်ခံ”
25 Jun
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှာ မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာလုပ်ငန်း များကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ သံရုံးတည်ရှိရာနေရာက လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မြန်မာသံရုံးက အသိပေး မေတ္တာရပ်ခံထားပါတယ်။ လက်ရှိမှာ သံရုံးအနီးရှိ နေအိမ်များရှေ့မှာ အမှိုက်များစွန့်ပစ်ခြင်း၊ ကွမ်းတံထွေးထွေးခြင်း၊ ဆူညံစွာပြုမူ ခြင်းနှင့် မော်တော်ယာဉ်များကို စည်းကမ်းမဲ့ရပ်နားခြင်း စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင်နေထိုင်သူ များက သံရုံးသို့ အဆက်မပြတ် တိုင်ကြားမှုများရှိနေကြောင်း ဇွန်လ ၂၄ ရက်တွင်ထုတ်ပြန်သည့် သံရုံးအသိပေးချက်၌ ဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားများအနေနဲ့ သံရုံးဝန်းအတွင်းနှင့် ပြင်ပတွင် စီစဉ်ထားရှိပေးသော အမှိုက်ပုံးများနှင့် အမှိုက်ကန်များတွင် အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန် သံရုံးက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် သံရုံးအနီး အိမ်ရာဝန်းကျင်တွင် ကားရပ်နားစောင့်ဆိုင်းခြင်းများနှင့် ပတ်သက်၍လည်း နေထိုင်သူများဘက်မှ ပြင်းထန်စွာ ကန့်ကွက်မှုများရှိနေကြောင်း သိရပါတယ်။ အဆိုပါလိပ်စာကို အသုံးပြု၍ အငှားယာဉ်ခေါ်ယူခြင်း၊ အိမ်ရာအဝင်ဝများတွင် မော်တော်ယာဉ်များ ရပ်နားစောင့်ဆိုင်းခြင်းတို့ကို ရှောင်ကြဉ်ပေးကြရန်လည်း မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားပါတယ်။ (NVS 004)