“ဗဟိုဘဏ်က နိုင်ငံခြားငွေများ ရောင်းချပေးလျက်ရှိ”
25 Jun
ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားတဲ့ နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇ ဒသမ ၅၀ ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် FX Trading အစီအစဉ်မှာ ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ် အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ပါတယ်။ အဆိုပါ FX Trading မှာ စက်သုံးဆီ ကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့် ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍမှ ၈ ရာခိုင်နှုန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များမှ ၉ ရာခိုင်နှုန်း၊ စားသုံးကုန်စည်နှင့် ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍများမှ ၂ ရာခိုင်နှုန်းစီ၊ ထုတ်ပိုးမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် စက္ကူကဏ္ဍများမှ ၁ ရာခိုင်နှုန်းစီ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြပါတယ်။ ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းလိုအပ်ချက်ရှိတဲ့ အဓိကကုန်စည်များ တင်သွင်းနိုင်ရေးအတွက် နိုင်ငံခြားငွေများကို ဦးစားပေးခွဲဝေပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)