“မြောက်ကိုရီးယားက နျူကလီးယားဒုံးကျည်တင် ဖျက်သင်္ဘောကို တပ်တော်သွင်း”
25 Jun
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားဒုံးကျည်တင်ဆောင်နိုင်စွမ်းရှိသည့် ဖျက်သင်္ဘောအသစ်ကို တပ်တော်သွင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။ တန်ချိန် ၅,၀၀၀ ရှိသည့် အဆိုပါဖျက်သင်္ဘောသည် မြောက်ကိုရီးယားနိုင်ငံ၏ ရေတပ်စွမ်းရည်များနှင့် နျူကလီးယားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာမှု၏ ပြယုဂ်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ်းရိုးတန်း ကာကွယ်ရေးတပ်ဖွဲ့အဖြစ်သာ တည်ရှိနေသည့် ရေတပ်ခေတ် ကုန်ဆုံးသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က ပြောသည်။ Choe Hyon ဟုအမည်ပေးထားသည့် ဖျက်သင်္ဘောတွင် လေယာဉ်ဖျက်နှင့် သင်္ဘောဖျက်လက်နက်များအပြင် နျူကလီးယား သယ်ဆောင်နိုင်သော အမြင့်ပျံနှင့်အနိမ့် ပျံဒုံးကျည်များကိုလည်း တပ်ဆင်ထားကြောင်း၊ ထိုဖျက်သင်္ဘောကို ပြီးခဲ့သည့်လများအတွင်း စမ်းသပ်မှုများ လုပ်ထားကြောင်း၊ ထိုစမ်းသပ်မှုတွင် အနိမ့်ပျံဒုံးကျည်ပစ်ခတ်မှုလည်းပါဝင်ကြောင်း တာဝန်ရှိသူများကပြောသည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် ရေတပ်၏ရည်မှန်းချက်များကို ကမ်းရိုးတန်းကာကွယ်ရေးတွင်သာ ကန့်သတ်မထားတော့ကြောင်း ကင်ဂျုံအွန် ကပြောသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားသည်။ အလားတူ Choe Hyon ဖျက်သင်္ဘောသည် မြောက်ကိုရီးယားရေတပ်၏ စစ်အင်အားကိုပြသရန်၊ စစ်ဆင်ရေးနယ်မြေကို တိုးချဲ့ရန်၊ ကြိုတင်လက်ဦးမှုယူတိုက်ခိုက်ရေးစွမ်းရည်များ ပိုမိုတိုးမြင့်စေရန်တို့အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သတင်းဌာနက ဖော်ပြထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။