“ဟော်မုရေလက်ကြား၌ပိတ်မိနေသည့် ဆီတင်သင်္ဘောများ ရေလက်ကြားမှထွက်ခွာလာ”
25 Jun
ရေနံစိမ်းစည်ပေါင်းငါးသန်းကို တင်ဆောင်ထားပြီး ဟော်မုရေလက်ကြား၌ပိတ်မိလျက်ရှိသော ဆီတင် သင်္ဘောများသည် ဇွန်လ ၂၄ ရက်တွင် ရေလက်ကြားမှ ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။ ရေလက်ကြားမှ ထွက်ခွာလာသည့် ဆီတင်သင်္ဘောသုံးစင်းအနက် နှစ်စင်းသည် အာရှဒေသသို့ဦးတည်လာခြင်းဖြစ်သည်ဟု ကုန်တင်သင်္ဘောကူးသန်းသွားလာရေး အချက်အလက်များတွင် ဖော်ပြထားသည်။ အမေရိကန်နှင့်အီရန်တို့ကြား တိုက်ခိုက်မှုများစတင်သည့်အချိန်မှစ၍ ဟော်မုရေလက်ကြား၌ ဆီတင်သင်္ဘော ၂၆ စင်းအထိ ပိတ်မိနေခြင်းဖြစ်ပြီး ယခုအခါ ရေလက်ကြားမှ ထွက်ခွာနိုင်ခြင်းမရှိသေးသည့် ဆီတင်သင်္ဘော ၁၈ စင်း ကျန်ရှိနေသေးသည်။ ဆီတင်သင်္ဘောများပိတ်မိနေမှုကြောင့် စက်သုံးဆီဈေးကွက်တွင် လောင်စာပြတ်လပ်မှုများဖြစ်ပေါ်နေ သည့်အပြင် လောင်စာဈေးနှုန်းများလည်း မြင့်တက်လာသည်။ ယခုအခါ အမေရိကန်နှင့်အီရန်တို့ကြား လက်မှတ် ရေးထိုးသည့် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်အရ ဟော်မုရေလက်ကြားကိုပြန်ဖွင့်ပေးခြင်းဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။