“တရုတ်လုပ်ငန်းရှင်များက B2B စနစ်ဖြင့် မြန်မာ့ပြောင်းဖူးကို ကာလရှည်ဝယ်ယူလို”
24 Jun
တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှထွက်ရှိတဲ့ ပြောင်းဖူးများကို B2B (Business to Business) စနစ်ဖြင့် ကာလရှည်ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားမှုရှိနေကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ China Kunming ASEAN Association က မြန်မာနိုင်ငံမှပြောင်းဖူးများကို တရုတ်နိုင်ငံသို့ လစဉ်အဖြစ် ကာလရှည်တင်သွင်းလိုကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး အဆိုပါ အသင်းအနေနဲ့ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များနှင့် B2B စာချုပ်များချုပ်ဆိုကာ လစဉ်ပုံမှန် ဝယ်ယူတင်သွင်းလိုကြောင်း နှင့် လက်ရှိဈေးနှုန်းများကို သိရှိလိုကြောင်း အသိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရှိ ပြောင်းစိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့သူများအနေနဲ့ အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ပြောင်းဖူးများကို တင်ပို့ရောင်းချလိုပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ ခန့်မှန်းချက်အရ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက် များသို့ မြန်မာ့ပြောင်းတန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း၊ လက်ရှိမှာ မြန်မာ့ ပြောင်းဖူးများကို ထိုင်း၊ ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိပြီး တရုတ်ဈေးကွက်မှ ကာလရှည် ဝယ်လိုအားတိုးလာခြင်းက ပြောင်းစိုက်တောင်သူများနှင့် တင်ပို့ရောင်းချသူများအတွက် ဈေးကွက်အခွင့်အလမ်းသစ် တစ်ရပ်ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 004)