“အီရန်အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ အမေရိကန်အစိုးရ ရက် ၆ဝ ကင်းလွတ်ခွင့်ပေး”

24 Jun

အီရန်ပဋိပက္ခပြီးဆုံးရေး ယာယီသဘောတူညီချက်အရ ပထမအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက် အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို အမေရိကန်အစိုးရက ဇွန်လ ၂၂ ရက်မှစ၍ ရက် ၆၀ ထိ ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ အီရန်ပဋိပက္ခပြီးဆုံးရေး ယာယီသဘောတူညီချက်အရ အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဇွန်လ ၂၂ ရက်မှ ဩဂုတ်လ ၂၁ ရက်ထိ ကင်းလွတ်ခွင့်ပေးထားမည် ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ အီရန်နိုင်ငံအနေဖြင့် ရက် ၆၀ ကာလအတွင်း ရေနံနှင့် ဆက်စပ်ထုတ်ကုန်များကို ရောင်းချနိုင်မည်ဖြစ်သည်။ သို့ရာတွင် အီရန်နိုင်ငံအနေဖြင့် အီရန်ပဋိပက္ခ ပြီးဆုံးရေး ယာယီသဘောတူညီချက်များကို ချိုးဖောက်ခဲ့ပါက မိမိအနေဖြင့် လုပ်သင့်လုပ်ထိုက်သည့်အရာကို လုပ်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သတိပေးပြောကြားထားသည်။ အမေရိကန်နှင့် အီရန်ထိပ်တန်းခေါင်းဆောင်များသည် အီရန်ပဋိပက္ခပြီးဆုံးရေး ယာယီသဘောတူညီချက် အရ ဆွစ်ဇာလန်နိုင်ငံ ဘာဂျင်စတော့ခ် အပန်းဖြေစခန်းအနီး၌ ပထမအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကျင်းပခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် အမေရိကန်နှင့် အီရန်တာဝန်ရှိသူများက အီရန်ပဋိပက္ခပြီးဆုံးရေး အပြီးသတ် သဘောတူညီချက်အတွက် လမ်းပြမြေပုံတစ်ရပ်ကို ရက် ၆၀ အတွင်း ရယူရန်သဘောတူထားကြောင်း သိရသည်။

24 Jun

ADVERTISE HERE .