“ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကလိုဆေး ရဲ့သွင်းဂိုးစံချိန်ကို အမ်ဘတ်ပီ လိုက်မီခဲ့ပြီး ဒုတိယသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာ”

24 Jun

ပြင်သစ်အသင်း တိုက်စစ်မှူး အမ်ဘတ်ပီ က ပြင်သစ်နှင့် အီရတ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဂျာမနီအသင်း တိုက်စစ်မှူးဟောင်း ကလိုဆေး ရဲ့သွင်းဂိုး စံချိန်ကို လိုက်မီခဲ့ပြီး ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့ကြောင်း B/R Football သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အမ်ဘတ်ပီ ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပြင်သစ်နှင့် ဆီနီဂေါအသင်း တို့ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူခဲ့သလို အုပ်စုဒုတိယပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အီရတ်အသင်းနှင့်ပွဲစဉ်မှာလည်း ပွဲချိန် ၁၄ မိနစ်နှင့် ၅၄ မိနစ်တို့တွင် သွင်းဂိုးနှစ်ဂိုး သွင်းယူခဲ့ပြီးနောက် ယခင်က ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုးအများဆုံး ကစား သမားအဖြစ် သွင်းဂိုး ၁၆ ဂိုးဖြင့် ရပ်တည်နေသည့် ကလိုဆေး ရဲ့သွင်းဂိုးစံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်ပါတယ်။ အမ်ဘတ်ပီ အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းနှင့်အတူ ၁၅ ပွဲကစားထားပြီး သွင်းဂိုး ၁၆ ဂိုးထိ ရှိလာကာ ၂၄ ပွဲ ကစားပြီး သွင်းဂိုး ၁၆ ဂိုး သွင်းယူခဲ့သည့် ကလိုဆေး ရဲ့စံချိန်ကို ကိုးပွဲလျော့ပြီး လိုက်မီခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် သွင်းဂိုးအများဆုံးကစားသမားအဖြစ် အာဂျင်တီးနားအသင်းမှ မက်ဆီ က ၂၈ ပွဲကစားပြီး သွင်းဂိုး ၁၈ ဂိုးနှင့် ထိပ်ဆုံးတွင်ရပ်တည်နေခဲ့လို့ အမ်ဘတ်ပီ အနေနဲ့ မက်ဆီ ရဲ့ သွင်းဂိုးစံချိန်ကိုပါ လိုက်မီနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)

24 Jun

ADVERTISE HERE .