လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးမှုအသစ်စတင်
24 Jun
လက်ဘနွန်နိုင်ငံနှင့် အစ္စရေး နိုင်ငံတို့ကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုအသစ်ကို ဇွန်လ ၂၃ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့၌ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။ အမေရိကန်နှင့်အီရန်တို့ကြား နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးပြီးနောက် ထိုစာချွန်လွှာပါသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် လက်ဘနွန်နှင့်အစ္စရေးတို့က ယခုဆွေးနွေးမှုကိုလုပ်ဆောင်နေခြင်းဖြစ်သည်။ မတ်လ ၂ ရက်မှစတင်ဖြစ်ပွား နေ သည့် လက်တနွန်-အစ္စရေးစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် နှစ်နိုင်ငံကြား မျက်နှာချင်းဆိုင်တွေ့ဆုံဆွေး နွေးခြင်း သည်သာလျှင် ထိုစစ်ပွဲပြီးဆုံးစေရေးအတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း လက်ဘနွန်တာဝန်ရှိသူ များက ပြောထားသည်။ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာတို့က အီရန်ဘက်မှနေ၍ စစ်ကူပါသည့်သဘောဖြင့် အစ္စရေးကိုတိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် လက်ဘနွန်နှင့်အစ္စရေးကြား စစ်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ပြီး ထိုစစ်ပွဲကြောင့် ယခုအချိန်အထိလူပေါင်း ၄,၀၀၀ ကျော်သေဆုံးထားသည်။ လက်ဘနွန်နှင့်အစ္စရေးတို့ကြား ဧပြီလ မှစ၍ ဆွေးနွေးမှုလေးကြိမ်လုပ်ဆောင်ထားသော်လည်း ခိုင်မာသော အပစ်အခတ်ရပ်စဲရေးကို ရရှိထားခြင်းမရှိပေ။ အမေရိကန်နှင့်အီရန်တို့ကြား လက်မှတ်ရေးထိုးသည့်နားလည်မှုစာချွန်လွှာအရ လက်ဘနွန်-အစ္စရေး စစ်ဖြစ်နေမှုအပါအဝင် စစ်မျက်နှာများအားလုံးတွင် တိုက်ခိုက်မှုများရပ်တန့်ရမည် ဟုဖော်ပြထားသည်။ သို့သော် ထိုသဘောတူညီချက်ကို လက်မှတ်ထိုးပြီးသည့်နောက်မှာပင် အစ္စရေးက လက်ဘနွန်အပေါ်တိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။ ယခုဆွေးနွေးမှုကို သုံးရက်ကြာ လုပ်ဆောင်မည်ဖြစ်သော်လည်း ထိုဆွေးနွေးမှုတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားခြင်းမရှိကြောင်း လက်ဘနွန်တာဝန်ရှိသူ တစ်ဦးကပြောသည်။ အထူးသဖြင့် ယခုဆွေးနွေးပွဲ၌ လက်ဘနွန်နှင့်အစ္စရေးတို့ကြား တစ်ဦးကိုတစ်ဦးယုံကြည်မှု မရှိခြင်း ဖြစ်ကြောင်း၊ အစ္စရေး၏တောင်းဆို မှုများကို လက်ဘနွန်က ဖြည့်ဆည်း ပေးနိုင်ခြင်းမရှိသေးသကဲ့သို့ လက် ဘနွန်၏တောင်းဆိုမှုအားလုံးကိုလည်း အစ္စရေးဘက်က လက်ခံခြင်းမရှိဘဲ ငြင်းဆိုပယ်ချထားကြောင်း အဆိုပါ လက်ဘနွန်တာဝန်ရှိသူက ပြောထားသည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။