“ဂျပန်နိုင်ငံမှာ ကျင်းပမယ့် BRIDGE Summer Camp 2026 သို့ မြန်မာကျောင်းသားလူငယ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်”
23 Jun
ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့၌ ကျင်းပမည့် “အပြည်ပြည်ဆိုင်ရာ ကျောင်းသားလူငယ်များတွေ့ဆုံပွဲ (BRIDGE Summer Camp 2026)” သို့ မြန်မာနိုင်ငံမှ Junior Ambassador ကျောင်းသားလူငယ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအစီအစဉ်အတွက် မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း(MJA) နှင့် အာရှ-ပစိဖိတ်ကလေးများညီလာခံ (APCC) တို့ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ (၆) ဦးကို စနစ်တကျရွေးချယ်ခဲ့ပြီး မတ်လမှစတင်ကာ စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံပွဲကို လာမည့် ဇူလိုင်လ ဒုတိယပတ်မှစတင်၍ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၄၂ နိုင်ငံမှ လူငယ်ကိုယ်စားလှယ် ၂၀၀ ကျော် ပါဝင်တက်ရောက်မှာဖြစ်ပါတယ်။ အစီအစဉ်အတွင်း ဂျပန်နိုင်ငံမှ Host ကျောင်းသားများနှင့်အတူ နေထိုင်ရမည့် Home Stay အစီအစဉ်၊ ဂျပန်စာသင်ကျောင်းများသို့ သွားရောက်လေ့လာမည့် အစီအစဉ်များပါဝင်မည်ဖြစ်ပြီး ပါဝင်သူများအနေဖြင့် ဂျပန်ယဉ်ကျေးမှုနှင့် ပညာရေးစနစ် များကို လက်တွေ့လေ့လာခွင့်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၁၈ ရက်မှာ ကျင်းပမည့် BRIDGE Festival 2026 တွင် မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာဖျော်ဖြေတင်ဆက်မှုများကို နိုင်ငံတကာလူငယ်များရှေ့မှောက်မှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက်မှာတော့ သွားရောက်မည့် မြန်မာကျောင်းသားလူငယ် ၆ ဦးနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ခရီးစဉ်အထောက်အကူပြုပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့ပြီး ခရီးစဉ်အတွင်း မြန်မာ့ယဉ်ကျေးမှုကို ဂုဏ်ယူစွာဖော်ဆောင်ကာ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)