“ကုလားအော်ငရုတ်သီးများ ယခုနှစ်အတွင်း ဈေးကောင်းရလျက်ရှိ”

23 Jun

ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ စိုက်ပျိုးတဲ့ ကုလားအော်ငရုတ်သီးများဟာ ပြည်တွင်းမှာသာမက ထိုင်း၊ တရုတ် နှင့် အိန္ဒိယနိုင်ငံများရဲ့ ဝယ်ယူမှုကြောင့် ယခုနှစ်အတွင်း တစ်ပိဿာလျှင် ငွေကျပ် ၃၅,၀၀၀ မှ ၃၈,၀၀၀ ကျပ်ကြားရှိပြီး ဈေးကောင်းရရှိနေကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အောင်ပန်းဒေသသည် စိုက်ပျိုးရေးကိုအခြေခံသော ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံမျိုးစုံထွက်ရှိနေကာ ယင်းသီးနှံများအနက် ကုလားအော်ငရုတ်သီးသည် တန်ဖိုးမြင့်ဟင်းခတ် အမွှေးကြိုင် သီးနှံတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပဈေးကွက်မှာ ဝယ်လိုအားကောင်းမွန်နေရခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါငရုတ်သီးကို အေးမြပြီး မိုးရေချိန်လုံလောက်သော တောင်တန်းဒေသများဖြစ်သည့် အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယ၊ ရွာငံနှင့် တောင်ကြီးပတ်ဝန်းကျင်ဒေသများတွင် စိုက်ပျိုးမှုများရှိကြောင်းနှင့် အရိပ်အာဝါသ ကောင်းသော ပတ်ဝန်းကျင်ကို နှစ်သက်သဖြင့် သစ်တောများအနီးတွင် စိုက်ပျိုးလေ့ရှိကြောင်းလည်း သိရပါတယ်။ ကုလားအော်ငရုတ်သီးကို အခြောက်လှန်းကာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလေ့ရှိသလို အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများတွင်လည်း အသုံးဝင်သဖြင့် ဝယ်လိုအားမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လျက်ရှိကြောင်းနှင့် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုအတွက် အလားအလာကောင်းသော သီးနှံဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ (NVS 004)

23 Jun

ADVERTISE HERE .