“လေယာဉ်စီးရင်း ကိုယ်ပိုင်ဖုန်းနဲ့ ရုပ်ရှင်၊ သီချင်းနဲ့ ဂိမ်းတွေကို အခမဲ့အသုံးပြုနိုင်မယ့် Wireless Inflight Entertainment စနစ်ဖြစ်တဲ့ MAI Sky Connect ကို မိတ်ဆက်”
23 Jun
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)က ခရီးသည်တွေ လေယာဉ်စီးနင်းစဉ်အတွင်း မိမိတို့ရဲ့ ကိုယ်ပိုင်စမတ်ဖုန်း၊ တက်ဘလက် ဒါမှမဟုတ် လက်ပ်တော့တွေကနေတစ်ဆင့် ရုပ်ရှင်၊ သီချင်းနဲ့ ဂိမ်းတွေကို အလွယ်တကူ ကြည့်ရှုနိုင်မယ့် “Wireless Inflight Entertainment (IFE)” စနစ်သစ်ဖြစ်တဲ့ MAI Sky Connect ကို မြန်မာ့လေကြောင်းလိုင်းများအနက် ပထမဆုံးအဖြစ် စတင်မိတ်ဆက်ပေးလိုက်ကြောင်း သိရပါတယ်။ အဆိုပါစနစ်ကို Aerohub ၊ Aeroplay တို့နဲ့ ပူးပေါင်းပြီး Fully Wireless, Bring-Your-Own-Device (BYOD) ပုံစံမျိုးနဲ့ ပထမဆုံး အကောင်အထည်ဖော်ထားတာဖြစ်ပြီး ဇွန်လ ၁၇ ရက်က စတင်ကာ တရားဝင်မိတ်ဆက်ခဲ့တာ ဖြစ်သလို စနစ်သစ်မှာ Aerohub က Onboard Wireless Entertainment Platform ကို ပံ့ပိုးပေးကာ Aeroplay Entertainment က ခရီးသည်များအတွက် ရွေးချယ်စီစဉ်ပေးထားတဲ့ Entertainment Content များကို တာဝန်ယူ ပံ့ပိုးပေးထားတယ်လို့လည်း MAI ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ Wireless Inflight Entertainment (IFE) စနစ်သစ်မှာ Hollywood ရုပ်ရှင်များ၊ နိုင်ငံတကာရုပ်ရှင်များ၊ Game အစီအစဉ်များ၊ TV Program များနှင့် ရွေးချယ်စရာများပြားလှသည့် သီချင်းမျိုးစုံတို့ကို ရွေးချယ်ကြည့်ရှုနိုင်မည် ဖြစ်ပြီး Destination Information များနှင့် Passenger Engagement Features တို့လည်း ပါဝင်ပါတယ်။ ၎င်းစနစ်ကို ချိတ်ဆက်အသုံးပြုစဉ် ပုံစံမှာ လေယာဉ်ပေါ်ရှိ မိမိတို့ထိုင်ခုံရှေ့မှာကပ်ထားတဲ့ QR Code ကို ဖုန်းနဲ့ Scan ဖတ်လိုက်ရုံနဲ့တင် Onboard Wi-Fi ကတစ်ဆင့်တိုက်ရိုက် Streaming လုပ်ပြီး ကြည့်ရှုအသုံးပြုနိုင်မှာ ဖြစ်ကာ ဒီစနစ်သစ်ဟာ လေယာဉ်ပေါ်ရှိ စက်ပစ္စည်းလိုအပ်ချက်များနှင့် ပြုပြင်ထိန်းသိမ်းရမယ့် လုပ်ငန်းတွေကို လျှော့ချပေးနိုင်တဲ့အပြင် ခရီးသည်တွေအတွက် ပိုမိုခေတ်မီပြီး အရည်အသွေးမြင့်မားတဲ့ ခရီးသွားအတွေ့အကြုံ ကောင်းကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ MAI က ထုတ်ပြန်ထားပါတယ်။ (NVS 004)