“နေပြည်တော်မှာ သက်ကြီးရွယ်အိုသက်သေခံကတ်ပြားများ ပေးအပ်”
23 Jun
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၇၅ ဦးကို သက်ကြီးရွယ်အို သက်သေခံကတ်ပြားများပေးအပ်တဲ့ အခမ်းအနားကို ဇွန်လ ၂၂ ရက်၊ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက် ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားမှာ အောင်ဇမ္ဗူရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၂၅ ဦးကို အောင်ဇမ္ဗူရပ်ကွက်ဓမ္မာရုံ၊ မင်္ဂလာရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၂၀ နှင့် ရွှေချီရပ်ကွက်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ် ၃၀ ဦးတို့ကို ပျဉ်းမနား မြို့နယ်တပ်တွင်းဓမ္မာရုံမှာ သက်ကြီးရွယ်အိုသက်သေခံကတ်ပြားများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါသက်ကြီးရွယ်အို သက်သေခံကတ်ပြားရရှိသော သက်ကြီးပုဂ္ဂိုလ်များအနေနဲ့ ရထားလက်မှတ် ဝယ်ယူရာမှာ ကျသင့်လက်မှတ်ခ၏ ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့်ကို ရရှိမှာဖြစ်သလို အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းပိုင် ရုပ်ရှင်၊ ဇာတ်သဘင်၊ အငြိမ့်၊ သီဆိုပွဲ၊ ပြဇာတ်၊ ပန်းချီ၊ ပန်းပု စတဲ့နိုင်ငံပိုင်ဖျော်ဖြေရေးဝန်ဆောင်မှု များမှာ ဝင်ကြေးအနည်းဆုံး ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင်အဆိုပါ သက်ကြီးပုဂ္ဂိုလ် များ ကွယ်လွန်ခဲ့ပါက သင်္ဂြိုလ်စရိတ် ကင်းလွတ်ခွင့်ကိုပါ ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)