“ကစားသမားမှတ်ပုံတင်ကိစ္စ အဆင်မပြေမှုကြောင့် ထိုင်းလူငယ်ကစားသမား ခိုပွန် နဲ့ ဧရာဝတီအသင်းလမ်းခွဲ”
22 Jun
ဧရာဝတီအမျိုးသမီးအသင်းဟာ ထိုင်းလူငယ်လက်ရွေးစင် အမျိုးသမီးကစားသမား ခိုပွန် (နာချာနော့)ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်တွေမှာ အဆင်မပြေခဲ့တာကြောင့် ယခုအခါ လမ်းခွဲလိုက်ရကြောင်း သိရပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်း ယူ-၁၇၊ ယူ-၂၀ အမျိုးသမီးလက်ရွေးစင်အသင်း တွေမှာ တောက်လျှောက်ပါဝင်ကစားခဲ့တဲ့ ထိုင်းလူငယ်အမျိုးသမီးကစားသမား ခိုပွန် ကို ခေါ်ယူဖို့ကြိုးစားခဲ့ပြီး ကစားသမားအနေနဲ့ ရန်ကုန်မြို့သို့ရောက်ရှိကာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းလူငယ်ကစားသမား ခိုပွန် ဟာ အသက် ၁၈ နှစ်မပြည့်သေးတာကြောင့် ဧရာဝတီအမျိုးသမီး အသင်းက ခိုပွန် အတွက် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ထံ မှတ်ပုံတင်ရာမှာ အခက်အခဲများရှိခဲ့ပြီး ရာသီကြို အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်အထိ အဆင်မပြေခဲ့တာကြောင့် လမ်းခွဲလိုက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ သို့သော် ကစားသမားဖြစ်သူ ခိုပွန် ကိုယ်တိုင်က ဧရာဝတီအသင်းမှာ ကစားလိုတဲ့ ဆန္ဒပြင်းပြနေတာကြောင့် ဧရာဝတီအသင်းဟာ ရာသီဝက်အပြောင်းအရွှေ့ကာလမှာ ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။(NVS 008)