“တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး လက်နက်တင်ပို့သည့်နိုင်ငံဖြစ်လာ”
22 Jun
တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် တိုးတက်မှုအမြန်ဆုံးသော လက်နက်တင်ပို့သည့်နိုင်ငံ ဖြစ်လာကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံရှိ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများက ရရှိသော အသားတင်အမြတ်ငွေသည် လေးဆအထိမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့(SIPRI)၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုအခါတောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် စစ်လက်နက်ပစ္စည်းအများဆုံး တင်ပို့သည့် နဝမမြောက် နိုင်ငံဖြစ်လာကြောင်း၊ တောင်ကိုရီးယား စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Hanwha Group၊ Hyundai Rotem၊ LIG Nex1 နှင့် KAI တို့၏ အမြတ်ငွေပမာဏစုစုပေါင်းသည် ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံအထိ ရှိလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အတူ တောင်ကိုရီးယားသည် NATO တပ်ဖွဲ့ဝင်နိုင်ငံများသို့ စစ်လက်နက်ပစ္စည်း အများဆုံးတင်ပို့သည့် နိုင်ငံများစာရင်းတွင် အမေရိကန်ပြီးနောက် ဒုတိယ နိုင်ငံဖြစ်ကြောင်း၊ အထူးသဖြင့် ထရမ့်အစိုးရလက်ထက်တွင် အမေရိကန်က NATO သို့ စစ်လက်နက်ပစ္စည်းတင်ပို့မှု လျှော့ချလိုက်ခြင်းကြောင့်ဖြစ်ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။