“အမေရိကန်-အီရန်ဆွေးနွေးပွဲ ဆွစ်ဇာလန်၌ ကျင်းပ”

22 Jun

အမေရိကန်နှင့်အီရန် ကိုယ်စားလှယ်များသည် ဆွစ်ဇာလန်နိုင်ငံ ဗာဂျန်စတော့မြို့၌ နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ နောက်ဆုံးအဆင့် သဘောတူညီချက်ရရှိရေးအတွက် ဇွန်လ၂၁ ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယခုဆွေးနွေးပွဲမတိုင်မီကာလအတွင်း ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ခဲ့ကာ အီရန်နျူကလီးယားအစီအစဉ်ကို အဆုံးသတ်နိုင်ခဲ့ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောကြားသည်။ သို့ရာတွင် အဆိုပါလုပ်ငန်းများကို မည်မျှအတိုင်းအတာအထိ ဆောင်ရွက်နိုင်ခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသ ဆက်ဆံရေးကို မိမိတို့ပြောင်းလဲနိုင်ခဲ့သလားဆိုသည့်မေးခွန်းများ လက်ရှိအချိန်အထိရှိနေကြောင်း ၎င်းက ပြောကြားသည်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား သမ္မတ၏အထူးကိုယ်စားလှယ် စတိဗ်ဝဒ်ကော့နှင့် သမ္မတထရမ့် ၏ သားမက် ဂျာရတ်ကူရှနာ တို့က ခေါင်းဆောင်ပြီး အီရန်ကိုယ်စားလှယ်အဖွဲ့တွင် ပါလီမန်ဥက္ကဋ္ဌ မိုဟာမက်ဗဂါဂါလစ်၊ နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီ အပါအဝင် ဗဟိုဘဏ်၊ လုံခြုံရေးနှင့်လောင်စာဆီ ဆိုင်ရာတာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။ ယခုကျင်းပမည့် အစည်းအဝေးအတွင်း မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် ၎င်း၏ကတိကဝတ်များကို အမေရိကန်က အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အီရန် နိုင်ငံက လက်တွဲကြိုးပမ်းသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီက ပြောကြားခဲ့သည်။ ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့် သဘောတူညီချက်အရ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံး တွင် စစ်ပွဲကို အဆုံးသတ်ခြင်း၊ အမေရိကန်ရေတပ်ပိတ်ဆို့မှုကို ရုပ်သိမ်းခြင်း၊ ဟော်မုဇ်ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ခြင်း၊ အီရန်၏ ရေနံစိမ်း၊ ရေနံထွက်ကုန်များနှင့် အခြားရေနံထုတ်ကုန်များတင်ပို့မှုအတွက် အမေရိကန်၏ ကင်းလွတ်ခွင့်များပေးခြင်းနှင့် အီရန်၏ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ခြင်းစသည့်အချက်များကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အီရန်နှင့် လက်ဘနွန်နိုင်ငံတွင် ဖြစ်နေသည့် စစ်ပွဲအဆုံးမသတ်ပါက အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည်မဟုတ်ကြောင်း ကိုယ်စားလှယ်အဖွဲ့က ပြောကြား သည်။ လက်ဘနွန်နိုင်ငံတွင် အစ္စရေးက ကျူးလွန်နေသည့်ပြစ်မှုများကို အဆုံးမသတ်ခြင်းနှင့် လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာကို အာမခံချက်မပေးနိုင်က အီရန်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အခြားအကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးမည်မဟုတ်ကြောင်းလည်း အီရန်ကိုယ်စားလှယ်အဖွဲ့က ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

22 Jun

ADVERTISE HERE .