“ပြည်မြို့ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံမှာ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ခွဲစိတ်ကုသပေး”
22 Jun
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှာ မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲလူနာ ၂၆ ဦးကို ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါခွဲစိတ်ကုသမှုအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာ လှမျိုးနိုင် ဦးဆောင်ကာ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူဘွဲ့လွန် သင်တန်းသားများက အခမဲ့ကုသပေးခဲ့ကြခြင်း ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုတွင် မွေးရာပါနှုတ်ခမ်းကွဲ လူနာ ၁၅ ဦးနှင့် အာခေါင်ကွဲ လူနာ ၁၁ ဦး စုစုပေါင်း ၂၆ ဦးကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၁ ရက်မှာ ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကုသမှုခံယူနေတဲ့ လူနာများကို အာဟာရမုန့်များ၊ ကြက်ဥများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)