“နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့မှာ ရှုပ်ထွေးဖိုက်ဘာကေဘယ် ရှင်းလင်းခြင်းလုပ်ငန်းများလုပ်ဆောင်မည်”

22 Jun

ရှုပ်ထွေးဖိုက်ဘာကေဘယ်များ ရှင်းလင်းခြင်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် စတင်ဆောင်ရွက်နေပြီလို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ ဇွန်လ ၁၉ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်မဲဆန္ဒနယ်မှ ဦးမျိုး(ခ) ဦးမျိုးအောင် ၏ မြို့နယ်အလိုက်အသုံးပြုနေသော အင်တာနက်ဝိုင်ဖိုင်ကြိုးများ စနစ်တကျသွယ်တန်း ဆောင်ရွက်ခြင်းနှင့် ဥပဒေ နှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်အစီအစဉ် ရှိ၊မရှိမေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အဓိကမြို့ကြီးများဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့မှာ ရှုပ်ထွေးလာသော ဖိုက်ဘာကေဘယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို အစီအမံနဲ့ ယခုစတင်ပြီး ဖိုက်ဘာကေဘယ်များ ရှင်းလင်းခြင်း၊ ဆက်သွယ်ရေးတိုင်များ များပြားရှုပ်ထွေးနေမှုကို Port Sharing လုပ်ခြင်းနဲ့ မြို့တော်အင်္ဂါရပ်နှင့်အညီ အမြင်တင့်တယ် စေရန် ဆောင်ရွက်ခြင်း၊ မြေပေါ်ရှိ ဖိုက်ဘာကေဘယ်များကို မြေအောက်သို့ ပြောင်းရွှေ့တည်ဆောက်ခြင်းကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနအနေဖြင့် ဖိုက်ဘာကေဘယ်များ စနစ်တကျသွယ်တန်းဆောင်ရွက်နိုင်ရေး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ ကြီးကြပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 004)

22 Jun

ADVERTISE HERE .