“ရန်ကုန်မြို့ကန်တော်ကြီးတွင် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြပွဲ ကျင်းပ”

21 Jun

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနဦးဆောင်၍ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည် သရုပ်ပြအခမ်းအနားကို ဇွန်လ ၂၀ ရက်တွင် ရန်ကုန်မြို့ကန်တော်ကြီးရေပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားရာ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပရဟိတစိတ်ဓာတ်၊ ကူညီကယ်ဆယ်လိုစိတ်၊ ရဲဝံ့စွန့်စားစိတ်နှင့် ပြည်သူကို ကယ်ဆယ်စောင့်ရှောက်ရမည့် တာဝန်သိစိတ်တို့ဖြင့် သဘာဝဘေးအန္တရာယ်များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်နိုင်ရေး လေ့ကျင့်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သရုပ်ပြအစီအစဉ်တွင် မီးသတ်ဦးစီးဌာနက Assault Boat များ စက်စွမ်းအားပြည့် မောင်းနှင် သရုပ်ပြသခြင်း၊ Air Boat မောင်းနှင်သရုပ်ပြသခြင်း၊ Connector Boat များ စွမ်းရည်သရုပ်ပြသခြင်း၊ Fire Boat ဖြင့် ရေပြင်မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်း၊ Intelligent Lifebouy ဖြင့် ရေနစ်သူများကို ကယ်ဆယ်ခြင်းနှင့် Dive Suit ဖြင့် ရေငုပ်၍ ကယ်ဆယ်ခြင်းစသည့် စွမ်းရည်ပြသမှုများကို သရုပ်ပြခဲ့ပါတယ်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစိုးရအဖွဲ့မှ ဝယ်ယူဖြည့်တင်းပေးထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ကြည့်ရှုခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။(NVS 004)

21 Jun

ADVERTISE HERE .