“တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်”
21 Jun
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ ၂၁ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအား အသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေကြောင်းသိရပါတယ်။ ဇွန်လ ၂၁ ရက် ညနေပိုင်းအထိခန့်မှန်းချက်အရ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကယားနှင့် ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်၊ မွန်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားရှိပါတယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။(NVS 004)