“နိုင်ငံတော်သမ္မတ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ”
20 Junပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး ဇွန်လ ၁၉ ရက် ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် ပြည်နယ်အကြီးအကဲများနှင့် တွေ့ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့်သို့ တက်ရောက်ခြင်း နှင့် အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများသို့ သွားရောက်လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် နိုင်ငံတော်နှင့်ပြည်သူတို့အတွက် အကျိုးရှိစေနိုင်မည့် ဆွေးနွေးချက်များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ၎င်းခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင် ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့ပါတယ်။(NVS 004)