“ပြည်သူ့လွှတ်တော်မှာ သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့စည်းကာ လွှတ်တော်လုပ်ငန်းစဉ်များကို ပုံမှန်ရှင်းလင်းမည်”
19 Jun
ပြည်သူ့လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုများကို သတင်းမီဒီယာများနှင့် ပြည်သူလူထုထံ တိကျမြန်ဆန်စွာ အသိပေးနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၆ ဦးပါဝင်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၁၈ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှ သိရပါတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် ကလောမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒာလှမြင့်၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးတို့ကို တာဝန်ပေးအပ်ထားပြီး အဖွဲ့ဝင်များအဖြစ် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးကျော်ဆွေ၊ သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံ၊ ပင်လောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းရီရီဝင်း နှင့် ရေးမဲဆန္ဒနယ်မှ ဒေါ်မြင့်သန်းတို့ ပါဝင်ကြောင်း သိရပါတယ်။ အဆိုပါအဖွဲ့ ဖွဲ့စည်းလိုက်ခြင်းဖြင့် ပြည်သူ့လွှတ်တော်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပြည်သူများ ပိုမိုသိရှိနားလည်လာစေရန်နှင့် လွှတ်တော်နှင့်ပတ်သက်သည့် သတင်းတု၊ သတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းတုံ့ပြန်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် လွှတ်တော်အစည်းအဝေးကျင်းပတဲ့နေ့များမှာ ပြည်သူ့လွှတ်တော် Media Corner ၌ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ၂ ဦးစီက အလှည့်ကျ တစ်နေ့တာ လွှတ်တော်ဆွေးနွေးမှုများနှင့် ဆောင်ရွက်ချက်များကို သတင်းမီဒီယာများအား အကျဉ်းချုပ် ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လတ်တလောမှာ တယ်လီဖုန်းနဲ့ မေးမြန်းချက်များကို ဖြေကြားပေးမှာမဟုတ်သေးဘဲ လွှတ်တော် အစည်းအဝေးကျင်းပတဲ့ရက်များမှာသာ Media Corner မှတစ်ဆင့် တရားဝင်ရှင်းလင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)