“မီဒီယာဥပဒေသစ် ရေးဆွဲရာမှာ မီဒီယာကောင်စီ၏ အကြံပြုချက်များရယူမည်”
19 Jun
မီဒီယာဥပဒေသစ်ရေးဆွဲသွားရန်ရှိသဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း က ရန်ကုန်မြို့မှာ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ မီဒီယာဥပဒေသစ် ရေးဆွဲရေးလုပ်ငန်းစဉ်နှင့်အတူ မီဒီယာအလုပ်ရုံဆွေးနွေးပွဲများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ကို ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နည်းပညာခေတ်မှာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာရရှိနိုင်ရေးနှင့် သတင်းတု၊ သတင်းမှားများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မီဒီယာများမှဖော်ပြတဲ့ သတင်းအချက်အလက်များက အထောက်အထားခိုင်လုံပြီး ယုံကြည် စိတ်ချရသော ဖော်ပြချက်များဖြစ်ရန်လိုအပ်ကြောင်း၊ ပြန်ကြားရေးလုပ်ငန်းများကို သာမန်ရုံးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်၍မရဘဲ မီဒီယာအဖွဲ့အစည်းများ၊ စာပေနှင့်အနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)