“ဒဂုံအရှေ့ပိုင်းရှိ ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးနိုင်မည့် ၂ ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်”

18 Jun

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ၂ ထပ် ဆေးကုသဆောင်သစ်ကို ဇွန်လ ၁၆ ရက်မှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လူမှုရေးရာဝန်ကြီးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက် ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ အဲဒီနောက် တာဝန်ရှိသူများက အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့် ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာများကို စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆေးကုသဆောင်သစ်၏အကျယ်အဝန်းမှာ ၁၆,၈၀၀ စတုရန်းပေရှိပြီး ခွဲစိတ်ခန်းပါဝင်သည့် RC နှစ်ထပ်အဆောက်အဦဖြစ်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှစတင်၍ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ် ၁,၇၈၉ ဒသမ ၄၄၅ သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁)က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။ ဆေးကုသဆောင်သစ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့်အနီးဝန်းကျင်ဒေသများမှ ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလွယ်ကူထိရောက်စွာ ရရှိလာနိုင်မှာဖြစ်ပါတယ်။(NVS 008)

18 Jun

ADVERTISE HERE .