“ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(MPU)၏ ဥက္ကဋ္ဌအဖြစ် တာဝန် ယူမည်”
18 Jun
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(Myanmar Parliamentary Union-MPU)ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင်(ခ)ဦးနော်တောင်တို့က တာဝန်ယူမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ စုစုပေါင်း ၁၈ ဦးတို့က အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(MPU) ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောတူညီချက်ရယူခြင်းကို အစည်းအဝေးစတုတ္ထနေ့မှာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ တတိယအကြိမ်လွှတ်တော် သက်တမ်းကာလအတွင်း MPU ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လွှတ်တော် ရေးရာလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄-ခ အရ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(MPU)ကိုဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူရမည် ဖြစ်ကြောင်း သိရပါတယ်။(NVS 008)