“ရခိုင်ပြည်နယ်မှာ ကလေးငယ် ၁၂,၀၀၀ ကျော်ကို ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ရေးဆေးထိုးနှံပေး”
18 Jun
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၅ နှစ်အောက် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(MR)ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခြင်းကို ၂၀၂၆ ခုနှစ် ဧပြီလမှစတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ဇွန်လပထမပတ် အထိ ကလေးငယ် ၁၂,၀၀၀ ကျော်ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ စစ်တွေမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက်များရှိ ကလေးငယ်များကို ဒေသန္တရကျန်းမာရေးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနများမှာ အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တွေမှာ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကျေးရွာများနှင့် ကယ်ဆယ်ရေးစခန်းများရှိ ကလေးငယ်များထံသို့လည်း ကွင်းဆင်းဆေးထိုးစုရပ် စနစ်နဲ့ နေ့စဉ်သွားရောက်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်ရှိမြို့နယ်များမှာ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆက်လက်၍ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေနဲ့ မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါများဘေးမှ ကင်းဝေးစေရေးအတွက် သတ်မှတ်အစီအစဉ်များအတိုင်း ပါဝင်ထိုးနှံပေးကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရပါတယ်။(NVS 008)