“Mekong Tourism Forum 2026 ကို ရန်ကုန်မြို့ Pan Pacific Yangon Hotel မှာ ၃ ရက်ကြာကျင်းပ”

18 Jun

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ Mekong Tourism Forum 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Yangon Hotel မှာကျင်းပခဲ့ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများမှ တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖိုရမ်ကို ဇွန်လ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာကျင်းပသွားမှာဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် နှင့် ကမ္ဘောဒီးယားနိုင်ငံခရီးသွားလာရေးဝန်ကြီး H.E. Huot Hak တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး Mekong Tourism Coordinating Office(MTCO)၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Suvimol Thanasarakij က တက်ရောက်လာသူများကို ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက် Asian Ecotourism Network(AEN) တည်ထောင်သူ ဂျပန်နိုင်ငံသား Mr.Masaru Takayama က “Tourism for People: A Force for Good” ခေါင်းစဉ်နဲ့ အာရှဒေသအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး နှင့်လူမှုအသိုက်အဝန်းများအပေါ် သက်ရောက်မှုများကို ဆွေးနွေးဟောပြောခဲ့ပါတယ်။ ယခုနှစ်ဖိုရမ်၏ အဓိက ခေါင်းစဉ်မှာ “Tourism for People” ဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမှ ရရှိတဲ့အကျိုးကျေးဇူးများကို လုပ်ငန်းရှင်ကြီးများသာမက အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)၊ ဧည့်လမ်းညွှန်များ၊ ဒေသခံ အိမ်တွင်းမှုလုပ်ငန်းရှင်များအထိ ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရန် အလေးပေးထားကြောင်း သိရပါတယ်။ Mekong Tourism Forum 2026 တွင် မဲခေါင်ဒေသ ၆ နိုင်ငံမှ အမျိုးသားခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်နိုင်ငံတကာခရီးသွားလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် မဲခေါင်ဒေသ ၆ နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာလက်မှု ပညာများနှင့်ဒေသထွက်အစားအစာများကို ပြသထားတဲ့ ပြခန်းများကို ထည့်သွင်းပြသထားပါတယ်။(NVS 008)

18 Jun

ADVERTISE HERE .