“လယ်ယာထွက်ကုန်ဈေးနှုန်းထိန်းညှိရေးကော်မရှင် ဖွဲ့စည်းပေးရန် တိုက်တွန်းသည့်အဆိုပြုချက်ကို အတည်ပြု”
18 Jun
လယ်ယာ၊ ကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေထွက်ကုန်သီးနှံများ၏ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဈေးနှုန်း ထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် တိုက်တွန်းသည့် အဆိုပြုချက်ကို ဇွန်လ ၁၅ ရက်က ကျင်းပ တဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့မှာ အတည်ပြုခဲ့ပါတယ်။ အဆိုပါအဆိုပြုချက်ကို အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာ ဌေးဝင်း က တင်သွင်းခဲ့ခြင်းဖြစ်ပြီး လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် တောင်သူလယ်သမားများ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေးအတွက် သီးခြားကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်း က တောင်သူလယ်သမားများ၏ အခွင့် အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်မြှင့်တင်နိုင်ရန် “တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုး စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့”ကို ဥပဒေနှင့်အညီ ဖွဲ့စည်းထားပြီးဖြစ်သဖြင့် အဆိုပြုချက်ကို မှတ်တမ်းတင်ထားရှိ သင့်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ သို့သော် လွှတ်တော်၏အဆုံးအဖြတ်ရယူရာမှာ ထောက်ခံမဲအများစု ရရှိခဲ့ သဖြင့် ဒေါက်တာဌေးဝင်း တင်သွင်းတဲ့ အဆိုပြုချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)