“ကွန်ဂို၌ အီဘိုလာကူးစက်မှု မထိန်းချုပ်နိုင်ပါက သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်လာနိုင်”

18 Jun

ကွန်ဂိုနိုင်ငံ၌ဖြစ်ပွားနေသော အီဘိုလာရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းမရှိပါက သမိုင်း တစ်လျှောက် သေဆုံးမှုအများဆုံးသော ရောဂါကူးစက်မှုဖြစ်လာနိုင်ကြောင်း အာဖရိကရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက သတိပေးထားသည်။ ထို့ပြင် ရောဂါပိုးကူးစက်ခံထားရနိုင်ခြေရှိသည့် သောင်းနှင့်ချီသော လူပုဂ္ဂိုလ်များကို လက်ရှိအချိန်အထိ ရှာဖွေဖော်ထုတ်နိုင်ခြင်းနှင့်စောင့်ကြည့်နိုင်ခြင်းမရှိသေးကြောင်း ဇွန်လ ၁၆ ရက်တွင် ကျင်းပသည့် အာဖရိကနိုင်ငံအကြီးအကဲများအစည်းအဝေးတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ဖြစ်ပွားနေသည့် ရောဂါကူးစက်မှုကို အမြန်ဆုံးမတားဆီးနိုင်ပါက အနောက်အာဖရိကနဲ့ကွန်ဂိုအရှေ့ပိုင်း မှာ ဖြစ်ခဲ့သော အခြေအနေများထက် ပိုမိုဆိုးရွားသွားနိုင်ကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။ ၂၄ နာရီအတွင်း အီဘိုလာရောဂါကူးစက်ခံရသူအသစ် ၂၉ ဦးနှင့် သေဆုံးသူလေးဦးထိရှိလာပြီး ယင်းကူးစက်မှုအသစ် အားလုံးမှာ အီတူရီပြည်နယ်မှဖြစ်ကြောင်း၊ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အတည်ပြုလူနာ ၈၃၇ ဦးနှင့် သေဆုံးသူ ၁၉၆ ဦးအထိရှိလာရာ သေဆုံးမှုနှုန်းမှာ ၂၃.၄ ရာခိုင်နှုန်းရှိနေပြီး လူနာ ၃၇၆ ဦးကို သီးသန့် ခွဲထားဆဲဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်တွင်ထုတ်ပြန်ထားသည်ဟု RT သတင်း ဌာနဖော်ပြချက်အရ သိရသည်။

18 Jun

ADVERTISE HERE .