“ခရီးသွားဧည့်လမ်းညွန်များအနေဖြင့် လိုင်စင်မရှိဘဲလုပ်ကိုင်ပါက အရေးယူခံရမည်”
17 Jun
ခရီးသွားဧည့်လမ်းညွှန်များအနေနဲ့ နိုင်ငံတော်အစိုးရက တရားဝင်ထုတ်ပေးထားသော ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရှိရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲလုပ်ကိုင်ပါက ဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ထောင်ဒဏ်သုံးနှစ်နှင့် ဒဏ်ငွေကျပ် ငါးသောင်းအထိ အရေးယူခံရမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိဧည့်လမ်းညွှန်လုပ်ကိုင်ခွင့် လိုင်စင်သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သဖြင့် လိုင်စင်ဖျက်သိမ်းခံခဲ့ရသော ဧည့်လမ်းညွှန်များအတွက် “လိုင်စင်ပျက်ပြယ် ဧည့်လမ်းညွှန်မွမ်းမံသင်တန်းအမှတ်စဉ် (၁၃)” ကို ဇူလိုင်လအတွင်း ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ သင်တန်းကို ဇူလိုင်လ ၁၆ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ စည်းကမ်းထိန်းသိမ်းရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (CTD) သို့ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သလို [email protected] သို့ အီးမေးလ်ပေးပို့၍လည်း လျှောက်ထားနိုင်ပါတယ်။ လုပ်ငန်းလိုင်စင်သက်တမ်းကို အခြေခံအားဖြင့် နှစ်နှစ်သတ်မှတ်ထားသော်လည်း လုပ်ငန်းမှ ခေတ္တအနား ယူသွားသော ဧည့်လမ်းညွှန်များအတွက်မူ လေးနှစ်သက်တမ်းအထိ ထပ်မံသက်တမ်းတိုးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ ဒေသဆိုင်ရာဧည့်လမ်းညွှန်များ လိုင်စင်မရှိဘဲလုပ်ကိုင်နေသည်ကိုတွေ့ရှိပါက ဟိုတယ်နှင့် ခရီးသွား လာရေးညွှန်ကြားမှုဦးစီးဌာနသို့ အထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 004)