“မသန်စွမ်းကျောင်းသား/သူများအတွက် “5B PWDs” ပညာသင်ဆုအစီအစဉ် ရွှေမင်းသားဖောင်ဒေးရှင်းဖွင့်လှစ်”
17 Jun
မသန်စွမ်းသူများ ပညာသင်ကြားခွင့်တန်းတူရရှိရေးနှင့် ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်၍ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) က “Building Bridges by Breaking Barriers – 5B PWDs Scholarship Program” ပညာသင်ဆုအစီအစဉ်ကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါပညာသင်ဆုအစီအစဉ်ကို မသန်စွမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပညာသင်ကြားရန် ငွေကြေးအထောက်အပံ့ လိုအပ်နေသည့် Grade 8 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူ များနှင့် တက္ကသိုလ်တက်ရောက်နေသော မြန်မာနိုင်ငံသား မသန်စွမ်းသူများ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ ပညာသင်ဆုအစီအစဉ်အရ Grade 8 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများအား တစ်လလျှင် ကျပ် ၁၈၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ကိုးလစာ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်နေ့သင်တန်း ကျောင်းသား/သူများကို တစ်လလျှင် ကျပ် ၂၀၀,၀၀၀ နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးမည်ဖြစ်ပြီး တက္ကသိုလ်အဝေးသင် ကျောင်းသား/သူများကို တစ်ဦးလျှင် ကျပ် ၆၀၀,၀၀၀ ကို နှစ်ကြိမ်ခွဲ၍ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ “5B PWDs Scholarship Program” ပညာသင်ဆုအတွက် လျှောက်လွှာများကို ဇွန်လ ၁၆ ရက်မှ ဇူလိုင်လ ၃ ရက်အထိလက်ခံသွားမည်ဖြစ်ပြီး လူဦးရေကန့်သတ်ချက်ရှိတာကြောင့် အချိန်မီလျှောက်ထားကြရန် တိုက်တွန်း ထားပါတယ်။ (NVS 004)