“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပေကျင်းမြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများကို တွေ့ဆုံအားပေး”
17 Jun
တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည် ရေးခရီးစဉ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၁၆ ရက် ညနေပိုင်းမှာ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့်စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များကို တွေ့ဆုံကာ ဩဝါဒစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတက နိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေကြတဲ့ သံတမန်ဝန်ထမ်းများနှင့် စစ်သံရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားပေးချီးကျူးပြောကြားခဲ့ပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မာစေရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များက နိုင်ငံတော်သမ္မတအား ဂါရဝပြုနှုတ်ဆက်ခဲ့ကြပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပေကျင်းမြို့ရှိ မြန်မာသံရုံးမှာ ညစာသုံးဆောင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)