“ဧရာဝတီတိုင်းဒေသကြီးမှာ သယံဇာတများထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းမည်”
16 Jun
ဧရာဝတီတိုင်းဒေသကြီးရှိ သယံဇာတများ ထုတ်ယူသုံးစွဲရာမှာ စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီ များကို အဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရပါတယ်။ အင်္ဂပူမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင် က သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းထိန်းကျောင်းရေး နှင့်စပ်လျဉ်းတဲ့ အဆိုပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။ ထိုမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကလည်း မြစ်ကျောက်ထုတ်ယူရာမှာ စည်းကမ်းမဲ့ထုတ်ယူမှု နှင့်ပတ်သက်၍ လွှတ်တော်မှာ ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့ ကြီးကြပ်မှု ကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ကျောက်အလွန်အကျွံထုတ်ယူမှုများနှင့် သစ်ခုတ်ယူမှုများကို စောင့်ကြည့်ထိန်းချုပ်မှု အားနည်းနေတဲ့အတွက် အခုလိုဆောင်ရွက်ကာ အဆိုတင်သွင်းရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ဖြေကြားရာမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစ၍ ခွင့်ပြုလုပ်ငန်းရှင်များ၏ အမည် စာရင်းများနှင့်လုပ်ကွက် တည်နေရာအတိအကျကို လွှတ်တော်သို့ တင်ပြပေးပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းမှ အခွန်ငွေကျပ် ၃,၈၄၉ သိန်း ရရှိခဲ့ကာ တိုင်းဒေသကြီးရန်ပုံငွေသို့ပေးသွင်းစေခဲ့ပြီး ယခုလာမည့်ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ခွဲဝေသုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)