“ဥရုဂွေးအသင်းရဲ့ လေယာဉ်ခရီးစဉ် နှောင့်နှေးခဲ့ခြင်းအတွက် လေကြောင်းလိုင်းရဲ့ အမှားအယွင်းဖြစ်ကြောင်း ဖီဖာ ဖြေရှင်း”
16 Jun
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဥရုဂွေးအသင်းရဲ့ လေယာဉ်ခရီးစဉ် နှောင့်နှေးခဲ့ရခြင်းက လေကြောင်း လိုင်းရဲ့ အမှားအယွင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး ဖြေရှင်းခဲ့ပါတယ်။ ဥရုဂွေးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မက္ကဆီကိုနိုင်ငံမှာ အခြေစိုက်နေထိုင်ပြီး အုပ်စုပွဲ တွေကို အမေရိကန်နိုင်ငံမှာ နှစ်ပွဲ၊ မက္ကဆီကိုနိုင်ငံမှာ တစ်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဥရုဂွေးအသင်း ဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဆော်ဒီအာရေဗျအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ ဒါကြောင့် မက္ကဆီကိုနိုင်ငံကနေ အမေရိကန် နိုင်ငံကို လေယာဉ်နဲ့ထွက်ခွာဖို့ စီစဉ်ရာမှာ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ဖို့ ခွင့်ပြုချက်မရတဲ့အတွက် လေယာဉ် ခရီးစဉ်နှောင့်နှေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က မိမိတို့ လက်လှမ်းမမီတဲ့ ပြဿနာတွေကြောင့် လက်ရွေးစင်အသင်းက မက္ကဆီကိုနိုင်ငံသို့ ထွက်ခွာဖို့ နှောင့်နှေးခဲ့ရကြောင်း၊ ဟိုတယ်မှာ စောင့်နေခဲ့ရပြီး ဖီဖာရဲ့စီစဉ်ပေးမှုနဲ့ ညနေ ၄း၁၅ နာရီမှ ထွက်ခွာနိုင်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး အသိပေးခဲ့ပါတယ်။ ဒါကြောင့် ဖီဖာကလည်း လေကြောင်းလိုင်းရဲ့ ပြည်ဝင်ခွင့် အမှားအယွင်းကြောင့်ဖြစ်ကြောင်း၊ ဒီအတွက် လေကြောင်းလိုင်းကလည်း တောင်းပန်ခဲ့ကြောင်း ဖြေရှင်းခဲ့ပါတယ်။ အခုလိုမျိုး ဥရုဂွေးအသင်း အမေရိကန် နိုင်ငံကို ရောက်ရှိချိန်နောက်ကျခဲ့တာကြောင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကိုလည်း ရွှေ့ဆိုင်းကျင်းပခဲ့ရပါတယ်။ (NVS 008)