“အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ထိုးမှု ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက်ဟု ဆို”
16 Jun
အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သောအရာတစ်ခုဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် ပါကစ္စတန်နိုင်ငံ၏စီးပွားရေးအမြင်တိုးတက်စေမည်ဖြစ်ကြောင်း ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး မူဟာမက် အူရာဇတ် က ဇွန်လ ၁၅ ရက် တွင် ပြောသည်။ အမေရိကန်နှင့်အီရန်တို့သည် ဇွန်လ ၁၄ ရက်တွင် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လက်မှတ်ရေးထိုးပွဲကို ပါကစ္စတန်စတော့အိတ်ချိန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ နားလည်မှုစာချွန်လွှာအရ အီရန်နိုင်ငံအနေဖြင့် ဟော်မုရေလက်ကြားကိုဖွင့်ပေးရမည်ဖြစ်ပြီး အပြန်အလှန် အဖြစ် အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုရုပ်သိမ်းရမည်ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံကြား ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲထားမည်ဖြစ်ပြီး ယင်းကာလအတွင်း ငြိမ်းချမ်းရေးသဘောတူစာချုပ် ရရှိရန် ဆွေးနွေးရမည်ဖြစ်သည်။ သို့သော် အီရန်ဘက်က အမေရိကန်အပေါ် အယုံအကြည်မရှိသေးကြောင်း ပြောထား သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။