“သဘောတူညီချက်ရရှိကြောင်း အမေရိကန်နှင့် အီရန် အတည်ပြု၊ ကမ္ဘာ့ရေနံဈေးများ သိသိသာသာ ကျဆင်း”
15 Jun
အမေရိကန်နှင့် အီရန်တို့ သဘောတူညီချက်ရရှိကြောင်း အတည်ပြုလိုက်ခြင်းနှင့် ဟော်မုဇ်ရေလက်ကြား မကြာမီတွင် အမြန်ဆုံးပြန်လည်ဖွင့်လှစ်သွားမည်ဟု ခန့်မှန်းကြခြင်းကြောင့် ကမ္ဘာ့ရေနံ အနာဂတ်ဈေးနှုန်းသည် ဇွန်လ ၁၄ ရက်တွင် အရောင်းအဝယ်သီတင်းပတ်သစ်စတင်ချိန်၌ ဈေးနှုန်းများ သိသိသာသာကျဆင်းသွားသည်။ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇွန်လ ၁၄ ရက် ညနေပိုင်း ၆ နာရီ ၁၅ မိနစ်အထိ နယူးယောက်ကုန်စည်ဒိုင် (NYMEX)၏ ဇူလိုင်လအတွက် ပေးပို့ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အနိမ့်ဆုံးအဖြစ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၂၅ ဒေါ်လာဖြင့် ၅ ဒသမ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ထို့အပြင် ဩဂုတ်လ အတွက်ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၅၁ ဒေါ်လာအထိ လျော့နည်းသွားပြီး ၄ ဒသမ ၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အမေရိကန်နှင့် အီရန်အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မကြာမီ တွင်ပင် ယင်းသတင်းကို အမေရိကန်နှင့် အီရန်တို့က အတည်ပြုခဲ့သည်။ အမေရိကန်သမ္မတ ထရမ့် က ဇွန်လ ၁၄ ရက်တွင် လူမှုမီဒီယာ၌ပို့စ်တင်၍ အမေရိကန်-အီရန် သဘော တူညီချက် ယခုပြီးမြောက်ပြီဖြစ်ကြောင်း၊ မကြာမီတွင်ပင် အမေရိကန်-အီရန် သဘောတူညီချက်ကို ဇွန်လ ၁၉ ရက် တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီက ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ အီရန်-အမေရိကန် စစ်ပွဲရပ်တန့်ရေးနားလည်မှုစာချွန်လွှာ သဘောတူညီချက်ရရှိကြောင်း တရားဝင်အတည်ပြုခဲ့သည်။ အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး ဖေဖော်ဝါရီလကုန်မှစ၍ စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်သည့် နောက်ပိုင်း ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုများ အတားအဆီးဖြစ်ခြင်းကြောင့် ရေနံဈေးကွက် ထောက်ပံ့ရေး များစွာလျော့နည်းလာခြင်းနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်းလည်း များစွာခုန်တက်ခဲ့သည်။ (Repost from Xinhua Myanmar)