“အီဂျစ်အသင်းဂျာစီပေါ်က ကြယ်ခုနစ်ပွင့်ကို ဖယ်ရှားပေးဖို့ FIFA ညွှန်ကြား”
15 Jun
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီဂျစ်အသင်းဝတ်ဆင်မယ့် ဂျာစီအင်္ကျီမှာ ကြယ်ခုနစ်ပွင့်တပ်ဆင်ထားတာကို ဖယ်ရှားပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က FIFA ကနေ အကြောင်းကြားလာမှုကို အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်အသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ခုနစ်ကြိမ်ရရှိထားတဲ့ အထိမ်းအမှတ် အဖြစ် ဂျာစီရဲ့အသင်းလိုဂိုအပေါ်ဘက်မှာ ကြယ်ခုနစ်ပွင့် ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ယင်းအမှတ်အသားမှာ ဒေသတွင်းပြိုင်ပွဲ ဗိုလ်စွဲထားတာဖြစ်ပြီး ယခုပြိုင်ပွဲဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လို့ ကြယ်ခုနစ်ပွင့်ကို ဖယ်ရှားပေးဖို့ FIFA က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ FIFA ဟာ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ဖူးတဲ့အသင်းတွေကို ဂျာစီပေါ် ကြယ်တပ်ဆင်ခွင့် ပြုထားပါတယ်။ ဒါ့အပြင် အီဂျစ်အသင်းဟာ ကစားသမားတွေရဲ့ နံပါတ်ကိုလည်း မူလဒီဇိုင်းဖြစ်တဲ့ ရွှေရောင်အစား အဖြူရောင်ကိုပြောင်းလဲပေးဖို့ FIFA က ညွှန်ကြားလာတာကြောင့် ပြင်ဆင်ခဲ့ရပါတယ်။ (NVS 008)