“ပါတေး ရဲ့ ပြည်ဝင်ခွင့်ကို ပြန်လည်စဉ်းစားပေးဖို့ ဂါနာအစိုးရ တိုက်တွန်း”

15 Jun

ဂါနာအသင်းကွင်းလယ်လူ သောမတ်စ်ပါတေး ကို ကနေဒါနိုင်ငံအတွင်း ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရတဲ့ ကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်စဉ်းစားပေးဖို့ ဂါနာအစိုးရက တိုက်တွန်းထားခဲ့ပါတယ်။ ဂါနာအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ပါတေး ဟာ အာဆင်နယ်အသင်းမှာ ကစားချိန် ၂၀၂၀ မှ ၂၀၂၂ ခုနှစ်အတွင်း အမျိုးသမီးလေးဦးအပေါ် အဓမ္မပြုကျင့်မှု စွဲချက်ခုနစ်ခု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု စွဲချက်တစ်ခုနဲ့ တရားစွဲဆိုခဲ့ထားရတာ ဖြစ်ပါတယ်။ ပါတေး ရဲ့အမှုကို လာမယ့် ၂၀၂၇ ခုနှစ် ဇွန်လအတွင်း စစ်ဆေး ကြားနာသွားမယ်လို့ သိရပါတယ်။ ကနေဒါအစိုးရရဲ့ ဗီဇာစည်းမျဉ်းအရ ပြစ်မှုကျူးလွန်ထားတာ ဒါမှမဟုတ် ပြစ်မှု ကျူးလွန်တယ်လို့ ဆုံးဖြတ်ခံထားရပါက ပြည်ဝင်ခွင့်မပေးဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကနေဒါအစိုးရ ပြောရေးဆိုခွင့်ရှိသူက ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ အတိအလင်း ပြောကြားထားပါတယ်။ ပါတေး အနေနဲ့ လက်ရှိဇွန်လ ၁၇ ရက် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ ပနားမားအသင်းနဲ့ကစားရမယ့် ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။ (NVS 008)

15 Jun

ADVERTISE HERE .