“ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားနေကြောင်း ပါလက်စတိုင်း တာဝန်ရှိသူ ပြောကြား”

15 Jun

ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများဆိုးရွားနေပြီး ယခုကဲ့သို့ဖြစ်ရခြင်းမှာ အစ္စရေးတို့၏ နှောင့်ယှက်မှုများကြောင့်ဖြစ်ကြောင်း ပါလက်စတိုင်း လူမှုဖွံ့ဖြိုးရေးဝန်ကြီး ဆာမတ်ဟာမတ် က ဇွန်လ ၁၄ ရက်တွင် ပြောကြားသည်။ ဂါဇာဒေသတွင်း လုပ်ငန်းဆောင်ရွက်နေသည့် ကမ္ဘာ့စားရေရိက္ခာအစီအစဉ်မှပံ့ပိုးသည့် ပေါင်မုန့်ဖြန့်ဖြူးရေးလုပ်ငန်း အများအပြားသည် ပစ္စည်းပြတ်လတ်မှုကြောင့် ရပ်နားခဲ့ရကြောင်း ၎င်းက ပြောကြားသည်။ ဒေသတွင်း အစားအသောက်ဖြန့်ဖြူးပေးသည့် နေရာအများအပြား ပိတ်ထားရပြီး အနည်းငယ်သာ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း ၎င်းကပြောကြားသည်။ ဒေသတွင်း အသက် ၉ နှစ် အောက်အရွယ်ကလေး သုံးရာခိုင်နှုန်းသည် မိမိတို့၏မိသားစုများ အစားအသောက်ရရှိရန် လုပ်အားပေးနေရကြောင်း ၎င်းက ပြောကြားသည်။ ဟားမတ်စ်အဖွဲ့နှင့် အစ္စရေးအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဟားမက်စ်အဖွဲ့ လက်နက်ဖျက်သိမ်းရေးနှင့် ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးအပါအဝင် ၎င်း၏အဓိကပြဋ္ဌာန်းချက် များကို အကောင်အထည်ဖော်ရာတွင် ဆုတ်ယုတ်မှုများနှင့် ရင်ဆိုင်နေရသည်။ နှစ်ဖက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက အသက်ဝင်ခဲ့သည်။ ၎င်း၏ ပထမအဆင့်တွင် အကျဉ်းသားများလဲလှယ်ရေး၊ ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းနှင့် အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာခြင်းတို့ပါဝင်သည်။ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်ဖွဲ့ ဆုတ်ခွာရေး၊ ဟားမတ်စ်အဖွဲ့လက်နက်ဖျက်သိမ်းရေး၊ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများစတင်ခြင်းနှင့် ဂါဇာကမ်းမြောင် ဒေသတွင် အသွင်ကူးပြောင်းရေးအုပ်ချုပ်ရေးအဖွဲ့ထူထောင်ခြင်းတို့ပါဝင်သည့် ၎င်း၏အဆိုပြု ငြိမ်းချမ်းရေးအစီအစဉ် ဒုတိယအဆင့်ကို ဇန်နဝါရီလလယ်တွင် အမေရိကန်က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

15 Jun

ADVERTISE HERE .