“အမေရိကန်နှင့် နားလည်မှုစာချွန်လွှာတွင် အီရန်အပေါ် ပိတ်ဆို့မှုများကို ကင်းလွတ်ခွင့်ပေးခြင်းနှင့် ဟော်မု ရေလက်ကြားပြန်ဖွင့်ပေးခြင်းတို့ပါဝင်”
15 Jun
အမေရိကန်နှင့်အီရန်တို့ကြား မကြာမီလက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာတွင် အီရန်နိုင်ငံ၏ နျူကလီးယားလုပ်ငန်းများမှသည် ဟော်မုရေလက်ကြားပြန်ဖွင့်ပေးရေးအထိ ပါဝင်ကြောင်းနှင့် အမေရိကန်က အီရန်နိုင်ငံ၏ ရေနံအပေါ် ပိတ်ဆို့ထားမှုကို ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း အီရန်ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထိုနှစ်နိုင်ငံကြား နောက်ဆုံးအတည်ပြုထားသည့် နားလည်မှုစာချွန်လွှာတွင် အီရန်အနေဖြင့် ကုန်သွယ်သင်္ဘောများအားလုံးအတွက် ဟော်မုရေလက်ကြားကို ပြန်ဖွင့်ပေးရန်၊ အမေရိကန်ဘက်က အီရန်၏ ဆိပ်ကမ်းများအပေါ်ပိတ်ဆို့ထားမှုကို ပြန်ရုပ်သိမ်းရန်၊ ထိုသို့ပြန်ရုပ်သိမ်းမှုကို နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီး ရက်ပေါင်း ၃၀ အတွင်းအပြီးလုပ်ဆောင်ရန် တို့ပါဝင်သည်။ အလားတူ နောက်ဆုံးသဘောတူညီချက် မရသေးမီအထိ အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ မချမှတ်ရန်၊ အီရန်အနေဖြင့် ရေနံရောင်းချပြီး အမြတ်ငွေရယူမှုကို အချိန်အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ရန်၊ အမေရိကန်က ပြည်ပရှိထိန်းချုပ်ခံထားရသော အီရန်နိုင်ငံပိုင် ဒေါ်လာ ၂၅ ဘီလီယံကို အီရန်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန်၊ အီရန်အနေဖြင့်လည်း နျူကလီးယားလက်နက်များကို ထုတ်လုပ်ခြင်း၊ ရယူခြင်းမပြုရန် စသည်တို့ ပါဝင်သည်။ အဆိုပါနားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံတာဝန်ရှိသူများက အွန်လိုင်းမှတစ်ဆင့် လက်မှတ်ထိုးသွားမည် ဖြစ်ပြီး ပါကစ္စတန်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးသွားမည်ဟု RTA သတင်းဌာနဖော်ပြချက်အရ သိရသည်။