“မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့သိုက်သစ်များ ရှာဖွေတွေ့ရှိ”
15 Jun
မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်တဲ့ သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ရတနာ၊ ဇောတိက၊ ရွှေ နှင့် ရဲတံခွန် ကဲ့သို့သော ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း ၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါစီမံကိန်းများမှ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့များကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းများနှင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများမှာ အဓိကမောင်းနှင်အားအဖြစ် အားထားအသုံးပြု လျက်ရှိပါတယ်။ ယခုအခါ ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရန် အတွက် စီမံကိန်းအသစ် ၄ ခုကို ထပ်မံဖော်ဆောင်လျက်ရှိရာ ယင်းတို့အနက် လုပ်ကွက်ကြီး ၂ ခုတွင် အလားအလာ ကောင်းများ ထူးထူးခြားခြား တွေ့ရှိလာရခြင်းဖြစ်ပါတယ်။ ယခုထပ်မံတိုးချဲ့နေသည့် စီမံကိန်းသစ် ၄ ခုအနက် ဧရာဝတီကမ်းလွန်ဒေသနှင့် တနင်္သာရီကမ်းလွန်ဒေသ စီမံကိန်းများက ဓာတ်ငွေ့သိုက်ပမာဏအလွန်ကြီးမားကြောင်း တွေ့ရှိရပါတယ်။ ဧရာဝတီကမ်းလွန်ဒေသ ရေနက်ပိုင်း မှာရှိတဲ့ စီမံကိန်းကတော့ သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံ ကုဗပေခန့်အထိ ထွက်ရှိရန် အလားအလာ ရှိနေပါတယ်။ လက်ရှိတွင် အစမ်းတွင်းနှင့် အတည်ပြုတွင်းများ တူးဖော်ကာ စီးပွားဖြစ် စတင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တနင်္သာရီကမ်းလွန်ဒေသ လုပ်ကွက်စီမံကိန်းကတော့ သဘာဝဓာတ်ငွေ့ ၉၅ ထရီလီယံ ကုဗပေခန့်အထိ ထွက်ရှိနိုင်သည့် အလားအလာအလွန်ကောင်းသော ဓာတ်ငွေ့သိုက်ကြီးဖြစ်ပါတယ်။ လက်ရှိမှာ အစမ်းတွင်းများကို ဆက်လက်တူးဖော်သွားမည်ဖြစ်ပြီး ဓာတ်ငွေ့ခိုအောင်းနေမှု ပမာဏတိကျသေချာစွာ သိရှိရသည်နှင့်တစ်ပြိုင်နက် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဆိုပါကမ်းလွန်ရေနက်လုပ်ကွက်သစ်များမှ သဘာဝဓာတ်ငွေ့များ စီးပွားဖြစ်အောင်မြင်စွာ တူးဖော် ထုတ်လုပ်နိုင်ပါက ရေရှည်တွင် ပြည်တွင်းလျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေးအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်မည့် မဟာဗျူဟာမြောက် စွမ်းအင်စီမံကိန်းသစ်များ ဖြစ်လာ နိုင်ကြောင်း စွမ်းအင်ကဏ္ဍ လေ့လာသူများက သုံးသပ်ထားကြပါတယ်။ (NVS 004)