“ပုသိမ်မြို့မှာ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ”

15 Jun

ဇွန်လ ၁၄ ရက်တွင် ပုသိမ်မြို့မြို့တော်ခန်းမမှာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပတဲ့ လူငယ်တွေ့ဆုံပွဲနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားမှာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း နှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော် က လူငယ်ကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကဏ္ဍပေါင်းစုံလူငယ်များမှ သိလိုရှိတာများမေးမြန်ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးကပြန်လည်ဖြေကြားခဲ့ ပါတယ်။ ပုသိမ်မြို့မှာ လူငယ်စင်တာဖွင့်ရန်အစီအစဥ်ရေးဆွဲထားကြောင်းနှင့် လူငယ်လုပ်ငန်းရှင်များနှင့် ပတ်သက်၍ မဟာဗျူဟာထဲမှာ ပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူငယ်များအတွက် အသက် မွေးဝမ်းကျောင်းပညာရပ်များကို အာဆီယံ skill level အဆင့်ထိရောက်အောင် သင်ကြားသွားမည်ဖြစ်ကြောင်း၊ ထို့မှသာ အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူများအနေနဲ့ လုပ်ခလစာတန်းတူရရှိမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့သွားရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသားများကိုလည်း youth network တစ်ခုဖွင့်လှစ်ပြီး ကမ်းလှမ်းချက်များနှင့်ပတ်သက်၍ network မှာဖော်ပြပေးနိုင်ရန် စီစဥ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အဲဒီနောက် စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။ (NVS 004)

15 Jun

ADVERTISE HERE .