“မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲခဲ့သည့် သံရည်ကျိုစက်ရုံအား ဥပဒေနှင့်အရေးယူနိုင်ရေး ဆောင်ရွက်”
14 Jun
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် မသမာသော နည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲခဲ့သည့် မြောင်းတကာ စက်မှုဇုန်၊ မြေကွက်အမှတ်(၅၂/၅၃) ရှိ ZON TAI STEEL Co.,Ltd. သံရည်ကျိုစက်ရုံကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ သံရည်ကျိုစက်အား ဝင်ရောက်စစ်ဆေးရာ လျှပ်စစ်မီတာအား မသမာသောနည်းဖြင့် ဖွင့်၍ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ယင်းသို့ မသမာမှုဖြစ်စဉ်ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားယူနစ် ငါးသန်းခြောက်သောင်းရှစ်ထောင်ရှစ်ရာအတွက် ငွေကျပ် သန်း ၄,၅၀၀ ကျော် ဆုံးရှုံး နစ်နာစေခဲ့သဖြင့် လျှပ်စစ်မီတာအား ချက်ချင်းပိတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိရေးနှင့် လျှပ်စစ် ဓာတ်အားကို မသမာသောနည်းဖြင့် ရယူသုံးစွဲထားသည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် မှော်ဘီမြို့မရဲစခန်း၌ ဇွန်လ ၁၁ ရက်တွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ် တွေ့ရှိသည်နှင့် မြေပြင်သို့သွားရောက်စစ်ဆေးခြင်း၊ ပြည်သူများ၏ တိကျစွာ သတင်းပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာ စစ်ဆေးအရေးယူဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုများ သိသာစွာ လျော့နည်းလာစေရေး ကြိုးပမ်းဆောင်ရွက်ရှိကြောင်းနှင့် ယင်းသို့ ဓာတ်အားခိုးယူသုံးစွဲမှုများ ဖော်ထုတ်လာနိုင်သည် နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အားများ ပိုမိုဖြန့်ဖြူးပေးသွားနိုင်မှာဖြစ်လို့ ပြည်သူများအနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားရှိပါတယ်။(NVS 004)