"ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား အခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိ”
14 Jun
နိုင်ငံတော်ပိုင်ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုး အား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံက ပြောကြားခဲ့ပါတယ်။ ဇွန်လ ၁၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အခြေခံလူထုစားသောက်ကုန်နှင့် ဆေးဝါးများအပေါ် သွင်းကုန်အခွန်လျှော့ချပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ဆေးဝါးထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်စေရန်အတွက် ဆေးဝါးကုန်ကြမ်း ၄၅၄ မျိုးကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရပါတယ်။ ဒါ့အပြင် အခြေခံအိမ်သုံးဆေးဝါးများကိုလည်း အခွန်ကင်းလွတ်ခွင့်သတ်မှတ်ထားပြီး ၎င်းဆေးဝါးများမှအပ ကျန်ဆေးဝါးများအား အကောက်ခွန်နှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း ဝန်ကြီးက ပြောခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်များနှင့် အိမ်သုံးဆေး၊ လူသုံးဆေးဝါး၊ တိုင်းရင်းဆေးဝါးများအပါအဝင် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော Essential Goods ၄၆ အုပ်စုကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရပါတယ်။(NVS 004)