“အိုမန်ပင်လယ်ကွေ့၌ သင်္ဘောများအပေါ် အမေရိကန်တိုက်နေမှု အိန္ဒိယက အမေရိကန်ကို အပြင်းအထန် ကန့်ကွက်”

14 Jun

အမေရိကန်စစ်ဘက်က အိုမန်ပင်လယ်ကွေ့၌ အိန္ဒိယသင်္ဘောသားများကို တင်ဆောင်လာသည့် ကုန်တင် သင်္ဘောများကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ အိန္ဒိယအစိုးရက အမေရိကန်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် လိုက်ကြောင်းသိရသည်။ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဘရာမန် ယမ်ဂျေရှန်ကာ က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယို နှင့်စကားပြောစဉ် ယခုကဲ့သို့ကန့်ကွက်ကြောင်းပြောခြင်း ဖြစ်သည်။ ပင်လယ်ကွေ့ဒေသအတွင်း အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အိန္ဒိယနိုင်ငံမှ သင်္ဘောသားသုံးဦး သေဆုံးခဲ့ရကြောင်း၊ ကုန်သွယ်ရေးသင်္ဘောများအပေါ် ယခုကဲ့သို့ လူသေဆုံးမှုဖြစ်စေသည်အထိ တိုက်ခိုက်မှုများက လက်ခံနိုင်ဖွယ်မရှိကြောင်း ဂျေရှန်ကာ က ဇွန်လ ၁၃ ရက်တွင် လူမှုကွန်ရက်၌တင်ထားခြင်းဖြစ်သည်။ အမေရိကန်စစ်ဘက်သည် အီရန်နိုင်ငံ အပေါ်ပိတ်ဆို့ထားမှုများကို ချိုးဖောက်မှုလုပ်သည့် သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ခြင်းဖြစ်ကြောင်းပြောသည်။ ဇွန်လ ၈ ရက်တွင် ပလောနိုင်ငံအလံလွှင့်ထားသော ရေနံတင် သင်္ဘောကို တိုက်ခိုက်မှုလုပ်ရာ အိုမန်တာဝန်ရှိသူများက အိန္ဒိယသင်္ဘောသား ၂၄ ဦးကိုကယ်ဆယ်ခဲ့ရသည်။ ဇွန်လ ၁၀ ရက်တွင် ပလောနိုင်ငံအလံလွှင့်တင်ထားသော နောက်ထပ်သင်္ဘောတစ်စင်းကို တိုက်ခိုက်ရာ အိန္ဒိယသင်္ဘောသား သုံးဦးသေဆုံးသည်။ ဇွန်လ ၁၁ ရက်တွင်မူ ဂီနီဘစ်ဆောအလံလွှင့်ထားသည့် ရေနံတင်သင်္ဘောကို အမေရိကန်က တိုက်ခိုက်ရာ ထိုသင်္ဘောတွင် အိန္ဒိယသင်္ဘောသားဦးရေ ၂၀ ပါဝင်ကြောင်းသိရသည်။

14 Jun

ADVERTISE HERE .