“အီရန်ကို စစ်ရေးအရ ထပ်မံတိုက်ခိုက်မည့်အစီအစဉ် အမေရိကန်သမ္မတ ဖျက်သိမ်း”
13 Jun
အီရန်ကို စစ်ရေးအရတိုက်ခိုက်မှု ထပ်မံပြုလုပ်မည့်အစီအစဉ်ကို မိမိဖျက်သိမ်းထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ဇွန်လ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် သဘောတူညီချက်ရယူရေးအတွက် အီရန်နှင့်ဆွေးနွေးရာတွင် တိုးတက်မှုများရှိလာခြင်းကြောင့် အီရန်ကို စစ်ရေးအရတိုက်ခိုက်မှု ထပ်မံပြုလုပ်မည့်အစီအစဉ်ကို ဖျက်သိမ်းထားခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထားသည်။ ယခုနှစ် ဧပြီလ ၈ ရက်တွင် ရယူထားသည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးပေးထားသော သဘောတူညီချက်တစ်ရပ်ကို လာမည့်ရက်အနည်းငယ်အတွင်း အမေရိကန်နှင့်အီရန်တို့ လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်းလည်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထားသည်။ ပါကစ္စတန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ဧပြီလ ၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရယူထားသော်လည်း အမေရိကန်နှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့်ရက်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြသည်။ ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား လေကြောင်းတိုက်ခိုက်မှုများ နှစ်ရက်ဆက်တိုက် ပြန်လည်ဖြစ်ပွားခဲ့ရာ ဧပြီလ ၈ ရက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားမည့် အရေးကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်ခဲ့ကြသည်။ အီရန်ရေနံလုပ်ငန်း၏ ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းကို တိုက်ခိုက်သိမ်းယူမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇွန်လ ၁၁ ရက် အစောပိုင်းတွင် ပြောကြားထားကြောင်း သိရသည်။