“နိုင်ငံတော်အစိုးရက သတင်းထုတ်ပြန်ရေးအဖွဲ့သစ်ကို အဖွဲ့ဝင် ၆၂ ဦးဖြင့် ပြန်လည်ဖွဲ့စည်း”
13 Jun
နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်သူလူထုထံ အချိန်နှင့်တပြေးညီ မှန်ကန်သော သတင်းအချက်အလက်များ ထုတ်ပြန်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ကို အဖွဲ့ဝင် ၆၂ ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါ သတင်းထုတ်ပြန်ရေးအဖွဲ့သစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး၊ နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေးဗျူရိုမှ ဒုတိယအမှုဆောင်ချုပ် ဦးသုတ နှင့် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေ တို့က ဒုတိယအဖွဲ့ခေါင်းဆောင်များအဖြစ် ပါဝင်ဦးဆောင်မည်ဖြစ်သည်။ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များအပြင်၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် စံညိုဝင်း၊ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနေလွင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများ ပါဝင်ကြသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အစိုးရအဖွဲ့များမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ လူမှုရေးရာဝန်ကြီးများနှင့် အတွင်းရေးမှူးများလည်း သက်ဆိုင်ရာ ဒေသအလိုက် သတင်းထုတ်ပြန်မှုကဏ္ဍများအတွက် အဖွဲ့ဝင်များအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖွဲ့စည်း ထားကြောင်း တွေ့ရသည်။ ယခု ပြန်လည်ဖွဲ့စည်းလိုက်သော သတင်းထုတ်ပြန်ရေးအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ကျော်က အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေးဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်း နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးကြီး မျိုးအောင် တို့က တွဲဖက်အတွင်းရေးမှူးများအဖြစ် ပူးတွဲတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုကဲ့သို့ ဗဟိုဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားလှယ်များ စုံလင်စွာဖြင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ကို အင်အားဖြည့်တင်း ဖွဲ့စည်းလိုက်ခြင်းကြောင့် အစိုးရနှင့်ပြည်သူအကြား သတင်းစီးဆင်းမှုကဏ္ဍ ပိုမိုမြန်ဆန်ချောမွေ့လာမည့်အပြင်၊ ဝန်ကြီးဌာနများနှင့် ဒေသန္တရအစိုးရအဖွဲ့များ၏ လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ထုတ်ပြန်ဖော်ပြပေးနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။(NVS 007)